ပုဇွန်တောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

ပုဇွန်တောင် ဒီဇင်ဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိ ပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ  နေ့လယ် ၁၅ နာရီအချိန်အထိ ပုဇွန်တောင်မြို့နယ် အမှတ် (၁၀)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ၊ ပုဇွန်တောင်မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊  အမှတ်(၁)ရပ်ကွက်၊   အမှတ်(၂)ရပ်ကွက်၊   အမှတ်(၃)ရပ်ကွက်၊   အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက် စသည့် ရပ်ကွက်ပေါင်း()ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၃၃၀)ဦး၊ စုစုပေါင်း မဲဆန္ဒရှင် ပြည်သူ (၄၁၁)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်