နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၀

တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးနှင့် စပ်လျဉ်း၍ နေပြည်တော် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အနေဖြင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထား ကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများ တရားမဝင်ရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စဉ်ဆက်မပြတ်စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်မှုမရှိစေရေး၊ ဖမ်းဆီးရမိသည့် လိုင်စင်ရှိ/လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးအပ်နှံနိုင်ရေး၊ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)