ဘားအံ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူဆောက်တည် ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ များအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း အားပေးစကားပြောကြား၍ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကာ ပြည့်သူ့ ဆေးရုံခန်းမ၌ တာဝန် ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ အဆိုပါဆေးရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းနှင့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ သင်ကြား၊ သင်ယူမှုများ ဆောင်ရွက်နေသည့်အခြေအနေ၊ ကျောင်းဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါကျောင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ ၃၈၀ ဒဿမ ၈၆၂ သန်းဖြင့် (၁၃၀ ပေ x ၃၀ပေ) RCC (၂)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ ကမော့လဲ-တခွက်ဖိုး (ပန်တောမှီ) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် တခွက်ဖိုး-ပန်တော်မှီကွန်ကရစ်လမ်းတို့အား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်က ကမော့လဲ-တခွက်ဖိုး (ပန်တော်မှီ)ကျေးရွာချင်းဆက် ကျောက်လမ်း ၆ မိုင် ၄ ဖာလုံအနက် ရွှေဒုံသမိကုမ္ပဏီနှင့် မြန်မာတိုးတက်ချမ်းသာကုမ္ပဏီတို့မှ လမ်းအရှည်(၃)မိုင်အား (၁၂)ပေအကျယ် ကတ္တရာထပ်ပိုးခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောကျော်ဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော တခွက်ဖိုး-ပန်တော်မှီလမ်း (၄) မိုင်အား (၁၄)ပေအကျယ် ကွန်ကရစ်လမ်း ၃ မိုင်ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဖြစ်စေရေး၊ သတ်မှတ်ဘဏ္ဍာနှစ် အတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တခွက်ဖိုး-ပန်တော်မှီ ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ပန်တော်မှီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူနေမှုအခြေအနေ၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကိုထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် အတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၂)၌ ဘားအံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံ၍ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က တူညီဝတ်စုံများဖြင့် ပြည့်ပြည်စုံစုံရှိမှသာ အများပြည်သူများနှင့် ထိတွေ့ဆက်ဆံ ရာတွင် လေးစားမှု၊ အားကိုးယုံကြည်မှုများ ပိုမိုရရှိနိုင်မည် ဖြစ်သည့်အတွက် ယခုကဲ့သို့ ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်း၊ ရပ်ရွာ၏သာရေး နာရေးကိစ္စရပ်များ ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ပြည်သူနှင့် အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး မိမိရပ်ရွာတွင်ဖြစ်ပေါ်နေသည့် မြေပြင်သတင်းများကို မြတ်ခြေမပြတ် စောင့်ကြည့်လေ့လာ၍ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ သတင်းပို့တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘားအံမြို့နယ်အတွင်းရှိ အမာခံပြည်သူ့ စစ်များအတွက် ငွေကျပ် ၁၀၀၂၁၀၀၀ (သိန်းတစ်ရာနှစ်သောင်းတစ်ထောင်)တန်ဖိုးရှိ တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာသော ဘားအံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)