လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

လိပ်သို ဒီဇင်ဘာ ၁၉

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာမ ပေါက်ပေါက် ရေးသားသော “ကင်ဆာဘေးဝေးကြစေ” ကင်ဆာရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ ပေါက်ပေါက်ရေးသားသော “ကင်ဆာဘေးဝေးကြစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်အေးစတာထွန်းက အပိုင်း(၁)ပါ ကင်ဆာရောဂါ အမျိုးအစားများအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် နန်းခင်လှိုင်က အပိုင်း(၂) ဆောင်ရန်ရှောင်ရန် အစားအစာများအကြောင်း၊ သတိပြုဖွယ်ကလေးကင်ဆာအန္တရာယ် ခေါင်းစဉ်အောက်မှ ကလေးကင်ဆာရောဂါလက္ခဏာများ၊ လူကီးမီးယား(ခေါ်) သွေးဖြူဥကင်ဆာ၏ အဓိကလက္ခဏာများမှာ သွေးအားနည်းခြင်း၊ အရေပြားသွေးခြည်ဥခြင်း၊ သွားဖုံးများမှသွေးယိုစီးခြင်း၊ လည်ပင်း၊ ချိုင်း(ဂျိုင်း)၊ ပေါင်ခြံတွင် အကျိတ်များကြီးထွားလာခြင်း စသည်တို့ရောဂါအတွက် သွေးနှင့် ရိုးတွင်းခြင်ဆီတို့ကိုဖောက်၍ စစ်ဆေးခြင်းဖြင့် လူကီးမီးယားဖြစ်နေကြောင်းကို အတည်ပြုနိုင်ကြောင်း စသည့် အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိရေးအတွက် အပတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)