တာမွေ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာသင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က တက်ရောက်လာကြသည့် သင်တန်းသား/သူများအား ဆိုက်ဘာလုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းတွင် ဆိုက်ဘာလုံခြုံရေး၏ အဓိပ္ပာယ်၊ ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုများ၊ သတင်းအချက်အလက်များ၏ လျှို့ဝှက်မှု၊ စစ်မှန်မှု၊ ရရှိသုံးစွဲနိုင်မှုများနှင့်ပတ်သက်၍ ကျိုးပေါက်မှုဖြစစ်စဉ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားလုံခြုံရေး စသည့်ကိစ္စများနှင့် ပတ်သက်၍ နှစ်စဉ် နည်းလမ်းအမျိုးမျိုးဖြင့် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများရှိ သတင်းအချက်အလက်များအား ခိုးယူခံရခြင်းနှင့် ဆိုက်ဘာလုံခြုံရေးအရ စနစ်တကျ သိမ်းဆည်းထားရှိရမည့် နည်းလမ်းများ၊ လူမှုကွန်ရက်များ အသုံးပြုရာတွင် ဆိုက်ဘာလုံခြုံရေးအရ သတိပြုရမည့်အချက်များ၊ အများဆုံးတွေ့ရသော ဆိုက်ဘာခြိမ်းခြောက်မှု အန္တရာယ်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် နေ့စဉ်လူနေမှုဘဝများ၏ ဆက်နွယ်နေမှုများ၊ အဖျက်အမှောက်ဆော့ဖ်ဝဲလ် အမျိုးအစားများ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးပို့ချပေးခဲ့ပြီး တက်ရောက်လာကြသော သင်တန်းသား/သူများမှ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)