ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီစိုက်ပျိုးရန် မျိုးစေ့များ ပျိုးထောင်

ညောင်ဦး  ဒီဇင်ဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ(ခေါ်)လှောင်ကြက်သွန်စိုက်ပျိုးရန် ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ထားရှိပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု ညောင်ဖြူပင်ကျေးရွာ ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူ ဦးမင်းသိန်းထံက သိရသည်။

ဆောင်းကြက်သွန်နီ(ခေါ်)လှောင်ကြက်သွန်နီစိုက်ပျိုးခြင်းအား ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံး/ပွေးကျစ်ကျေးရွာများ၊ ပုပ္ပားတောင်မြောက်ဘက် စိတ္ထိန်း၊ ကမ်းဖြူကျေးရွာတို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းကြက်သွန်မျိုးစေ့ပျိုးထောင်ခြင်းကို သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြကြောင်း၊ ပျိုးသက် လေးဆယ်ငါးရက်ရှိလျှင် စိုက်မည့် စိုက်ကွက်သို့ ရွေ့ပြောင်းစိုက်ပျိုးရပြီး၊ ကြက်သွန်မျိုးစေ့ပျိုးထောင်ရာတွင် မြေသားညက်ညက်ထွန်ယက်ပြီး မျိုးစေ့ချပျိုးထောင်ရကာ ကြက်သွန်မျိုးစေ့များအပင် မထွက်သေးခင်အချိန်ထိ ကောက်ရိုးဖြင့်ဖြစ်စေ၊ တမာရွက်၊ သစ်ရွက်တို့ဖြင့် ဖုံးအုပ်ပျိုးထောင်ရကြောင်း သိရသည်။ ကြက်သွန်မျိုးစေ့(ပျိုး)တစ်ပြည်လျှင် တစ်သိန်းခွဲကျပ်ဖြင့် ဝယ်ယူပျိုးထောင်ရပြီး ကြက်သွန်စိုက်ပျိုးတောင်သူများက ကြက်သွန်မျိုးစေ့ကို ကိုယ်တိုင်စိုက်ပျိုးမျိုးစေ့ ယူကြကြောင်းလည်း သိရကာ ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီမျိုးများ ပျိုထောင်ထားရှိပြီးဖြစ်ကာ မကြာမီ ရွေ့ပြောင်းစိုက်ပျိုးတော့မည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း