(၂၀၁၉-၂၀၂၀)မှ (၂၀၂၃-၂၀၂၄)နှစ်အထိ ပုပ္ပားတောင်ဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံအုပ်ချုပ်လုပ်ကိုင်ဆောင်ရွက်ပြီးစီးမှုများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံများအား ချပြရှင်းလင်း

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်သိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) မှ (၂၀၂၃-၂၀၂၄) အထိ၊ ပုပ္ပားတောင် ဥယျဉ်အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ဆောင်ရွက် ပြီးစီးမှုများအား သုံးသပ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံများအား ချပြဆွေးနွေးပွဲကို၊ ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စပါးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး ပုပ္ပားတောင် ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင် (လက်ထောက်ညွှန်ကြားရေးမှူး)က (၂၀၁၉-၂၀၂၀)မှ (၂၀၂၃-၂၀၂၄) အထိ၊ ပုပ္ပားတောင်ဥယျဉ် အုပ်ချုပ် လုပ်ကိုင်မှုစီမံချက် ဆောင်ရွက်ပြီးစီးမှုများအား သုံးသပ်၍ ရှင်းလင်းချပြရာတွင် ပုပ္ပားတောင်ဥယျာဉ်၏ နောက်ခံသမိုင်းကြောင်း၊ ပုပ္ပားတောင် ဘေးမဲ့တောဥယျာဉ် တည်ထောင်ရခြင်း ရည်ရွယ်ချက်များ၊ အဓိကထိန်းသိမ်း ကာကွယ်လျက်ရှိသည့် သစ်မျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်များ၊ သစ်တောဖုံးလွှမ်းမှု အခြေအနေနှင့် တောအမျိုးအစားများ၊ စန္ဒကူးခင်းနှင့်သမင်ခြံ အချက်အလက်များ၊ ပုပ္ပားတောင်ဥယျာဉ်ရှိ ရေထွက်စမ်း (၃၆)ခု၏ အခြေအနေများ၊ ပရဆေးဥယျာဉ်နှင့် ပညာပေးပြခန်း၊ သစ်ခွခြံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်များအတွင်း RNH လုပ်ငန်း အမျိုးအစားများ အလိုက် လျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ပရိုဂျက်တာဖြင့် ရှင်းလင်းချပြပြီး ဒေသခံများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဒေသခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ပုပ္ပားတောင်ဥယျာဉ် နယ်မြေအတွင်းရှိ ဒေသခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)