ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းလိုအပ်ချက်၊ အခက်အခဲများမဖြစ်ပေါ်စေရေး၊ ရင်ဆိုင်ကြုံတွေ့လာပါကလည်း ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းချိတ်ဆက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားများကို ချပြရှင်းလင်းမှာကြားပေးခြင်းဖြင့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့နိုင်ငံတော်အစိုးရ၏ ‌ရှေ့လုပ်ငန်းစဉ်များပါအတိုင်း တိုင်းပြည်သာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ ကျန်းမာပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရရှိရေးတို့ကို ကဏ္ဍအလိုက်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပြည်သူများနှင့် အမြဲတမ်းနွေးထွေးစွာ ထိတွေ့ဆက်ဆံ၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလေးထားလိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဦးစီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ နယ်မြေလုံခြုံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ၊ အခက်အခဲ၊ လိုအပ်ချက်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို တက်ရောက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် အဓိကအားဖြင့် နိုင်ငံ‌တော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများဖွံ့ဖြိုတိုးတက်ရေးကို အဓိက ဦးစားပေးဆောင်ရွက်လျက်ရှိရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်လုပ်ကိုင်ခွင့်များအတွက်ကိုလည်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များအတိုင်း အလေးထားလိုက်နာပြီး စိစစ်ခွင့်ပြုပေးရမည်ဖြစ်သကဲ့သို့ လုပ်ကိုင်ခွင့်လျှောက်ထားမှု၊ အငြင်းပွားမှုများကိုလည်း ဥပဒေနှင့်အညီ အသေးစိတ်စိစစ်ပြီး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ကော်မတီသို့ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ကိုင်ခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် ဗဟိုကော်မတီသို့တင်ပြရမည့် လုပ်ငန်းစာတွဲများ  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ ပေးဆောင်ရမည့် မြေခွန်များအား အပြည့်အဝပေးဆောင်နိုင်ရေးနှင့် အရေးယူဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းစာတွဲအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက သုံးသပ်ညှိနှိုင်း ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)