သုံးခွ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၊ အမှတ်(၄)၊ (၁၁)ရပ်ကွက်၊ အနော်ရထာလမ်းရှိ ရှစ်မျက်နှာဘုရားစေတီတော်ပရိဝုဏ်၌ ဘေးအန္တရာယ် အသွယ်သွယ် ကင်းဝေးပြီး ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝစေရန် ရည်ရွယ်၍ (ပထမအကြိမ်) ကျင်းပခဲ့သော အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်း အောင်ပွဲကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ သုမနသီရိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူပြီးနောက် ဆရာတော်များက မေတ္တသုတ်ပရိတ် တရားတော် ရွတ်ဖတ်သရဇ္စျယ်သည်။ ဆက်လက်၍ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ဝမ်းမြောက်စကားပြောကြားပြီး ဆရာတော် (၂၄)ပါးအား နဝကမ္မ ဝတ္ထု ငွေကျပ်တစ်သိန်းစီ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် မြို့နယ်သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝိမောက္ခသာရက ဖိတ်ကြားပင့်ဆောင်ထားသော နတ်ဗြဟ္မာကို ဂါထာတော်ဖြင့် ပြန်လည်ပို့ဆောင်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ သုမနသီရိက အနုမောဒနာတရား ဟောကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အန္တရာယ်ကင်း ပရိတ်ရေစင်များအား မြို့ပေါ်ရပ်ကွက်များသို့ မီးငြှိမ်းသတ်ယာဉ်ဖြင့် လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။
အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၈ ရက် နေ့ထိ ပဋ္ဌာနဘာဏက ဆရာတော်(၂၄)ပါးတို့က အလှည့်ကျ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ပိတ်ပွဲအခမ်းအနားသို့ မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်