ရန်ကုန် ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံထေရ်ကြီး ဝါကြီးဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ကမ္ဘာအေး စေတီလမ်းရှိ အဘိဓမ္မာပြန့်ပွားရေးအသင်း၊ အဘိဓမ္မရတနဃရ (အဘိဓမ္မာဓမ္မဗိမာန်တော်ကြီး)၌ ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီး ဆေးကုသရေးအဖွဲ့များက သံဃာတော် ၂၆ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၂ ပါးတို့ကို အဆစ်အမြစ် ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ EGC စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်ပေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများကို ဆေးရုံများ၌ တက်ရောက် ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဌေးလွင်နှင့် ဆရာဝန်များ ပါဝင်သော အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)