လားရှိုးမြို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်အတွင်းစိုက်ပျိုးသော သံပုရာသီးများ ယခင်နှစ်ထက် ဈေးပို

လားရှိုး ဒီဇင်ဘာ ၁၉

လားရှိုးမြို့ရှိ စားဖိုဆောင်သီးနှံဈေးကွက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသထွက် သံပုရာသီးများ ရောင်းကောင်းလျက်ရှိနေပြီး ယခင်နှစ်ထက်ဈေးပိုရရှိနေကြောင်း သိရသည်။

လားရှိုးမြို့တွင် သံပုရာသီးတစ်ပိဿာလျှင် ယခင်နှစ်က လေးထောင်ကျပ်ဝန်းကျင်ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ခုနှစ်ထောင်ကျပ်ထိ ဈေးရှိနေကြောင်း သိရသည်။

“လားရှိုးမှာက သံပုရာသီးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံဘက်မှာ စိုက်ပျိုးတဲ့ သံပုရာသီးကို ရောင်းချတာများတယ်။ သူက အလုံးလည်းကြီးတယ်။ အခုနှစ်က လားရှိုးကို တင်ပို့ရောင်းချကြတဲ့ ကုန်စည်တွေအနေနဲ့ အရင်နှစ်ထက် သယ်ပို့စရိတ်ကကြီးတော့ ဈေးပိုရောင်းရတယ်။ လက်ရှိ အခြေအနေမှာက လားရှိုးကနေ ကုန်စည်တင်ပို့မှု ပုံမှန်အနေအထားမဟုတ်သေးတော့ သယ်ယူစရိတ်ကတော့ ကြီးတယ်” ဟု သစ်သီးကုန်သည်တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သံပုရာသီးကို စီးပွားဖြစ်စိုက်ပျိုးသူနည်းပါးပြီး  အနည်းငယ်သာ စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်း ရောင်းချကြသည့် သံပုရာသီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)ဘက်မှ အများဆုံး တင်ပို့ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)