မိုင်းယောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့စစ်ဆေးရာတွင် ပါဟုတ်ကျေးရွာရှိ “ဇော်ရွှေမိုး” နွားမြူရေးလုပ်ငန်းအဖွဲ့၏ နွားမွေးမြူရေး ခြံအမှတ်(၁)နှင့် ခြံအမှတ်(၂)တွင် ချေးငွေရယူပြီးနောက် နွားကောင်ရေတိုးပွားမှု၊ နေဗီယာမြက် (၅)ဧက စိုက်ပျိုးနိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှုအခြေအနေ များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ တင့်တင့်လွင်၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ခမ်းနှင့် “ဇော်ရွှေမိုး” နွားမြူရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ပါဟုတ်ကျေးရွာအတွင်းရှိ ပြည်သူများအား တောင်ယာ ခုတ်ထွင်းရှင်လင်းခြင်း၊ တောင်ယာမီးရှို့ခြင်း၊ ငါးလျှော့တိုက်ခြင်းများ မပြုလုပ်စေရေး၊ မီးတားလမ်းကိုလည်း အကျယ် ၁၆ ပေခန့် ပြုလုပ် ထားရန်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ပညာ ရေးမှူး ဒေါ်နန်းမြင့်သိန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်သန်းသန်းအေးနှင့် စာသင်ဝိုင်း (၄၃)ဝိုင်းမှ ဆရာ၊ ဆရာမများနှင့် မြန်မာစာ၊ မြန်မာစကား၊ ဂဏန်းသင်္ချာတတ်မြောက်စေရေးသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)