ကျိုင်းတုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဦးစွာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာက အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ မိုးမိုးစောက နှလုံးသားထဲက လွတ်လပ်ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို  အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း စသည့် အကြောင်းအရာများကို   တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။

ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)