မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

မြိတ် ဒီဇင်ဘာ ၁၉

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြိတ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲအား တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြပြီး မြိတ်တက္ကသိုလ် ဆရာများအသင်းနှင့် မြိတ်အပျော်တမ်းဘောလုံးအသင်း MABC အသင်းတို့ ချစ်ကြည့်ရေးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲစတင်၍ ရူပဗေဒဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများ၊ ကျောင်းသား/သူများ ကြည့်ရှုအားပေခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို မြိတ်တက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ ဘောလုံးအသင်း(၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၁၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲကို ဒီဇင်ဘာ(၁၈)ရက်မှ (၂၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊  မြိတ်တက္ကသိုလ်တွင် ယခုဖွင့်လှစ်သည့် ပညာသင်နှစ်တွင် ပညာရေးဆိုင်ရာပြက္ခဒိန်နှင့် အားကစားပြက္ခဒိန်ရေးဆွဲ၍ ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားတစ်ခုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် အားကစားပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)