မြစ်ကြီးနား ဒီဇင်ဘာ ၁၉
ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းနှင့် ကချင်ပြည်နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်ရန်စွယ် အမျိုးမျိုးကင်းရှင်းပြီး ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာတိုးတက်စေရန် ရည်ရွယ်၍ မြတ်စွာဘုရား ဟောကြားတော်မူသည့် ဥပ္ပါတသန္တိပါဠိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မြစ်ကြီးနားမြို့ ခေမာသီဝင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် နှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပြီး၊ အရုဏ်ဆွမ်းဆက်ကပ်သည်။ ထို့နောက် ဆရာတော်သံဃာတော်များက ဥပ္ပါတသန္တိပါဠိဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ ဥပ္ပါတသန္တိပါဠိဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဆရာတော်သံဃာတော် အရှင်သူမြတ်များက ၁၈-၁၂-၂၀၂၃ ရက်နေ့မှ ၂၇-၁၂-၂၀၂၃ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)