ကျောက်ဆည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြင့်မားရေး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့မှ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်တွင်ပါရှိသော မိဘတိုင်းရင်သွေးရင်နှစ် သားသမီးများအားချစ်ကြကြောင်း၊ ကောင်းသော/တော်သော သားသမီးများ ဖြစ်စေချင်ကြကြောင်း၊ ဥယျာဉ်မှူးသည် ပန်းကောင်းရရန်အတွက် ရေ၊ လေနှင့် နေရောင်ခြည် ကောင်းစွာရှိသည့် မြေဆီမြေကောင်းတွင် ပန်းပင်ကိုပြုစုပျိုးထောင်ရသကဲ့သို့ သားကောင်း/သမီးကောင်း ရလိုသူများအနေဖြင့် သားသမီးမရခင်ကတည်းက သားကောင်း/သမီးကောင်း ရလိုစိတ်ဖြင့် ရှောင်ရန်/ ဆောင်ရန်များကို သတိထားပြီး မိမိရင်သွေးအတွက် မေတ္တာထားပြီး လူမမယ်အရွယ်မှစ၍ ရုပ်ပိုင်းဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာများ လိုလေသေးမရှိအောင် ပြုစုပျိုးထောင်ပေးရကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအဖွဲ့၊ အဖွဲ့ဝင် ဒေါ်စုစုအေးနွယ်က ကလေးနှင့်ပုံပြင်၊ ပုံပြင်နှင့်ကလေးသည် မိတ်ဖက်ဖြစ်ကြောင်း၊ ပုံပြင်ပြောခြင်းသည် မိသားစုပျော်စရာ၊ ကြည်နူးစရာ ကောင်းရုံသာမက ကလေးတို့ကိုလိမ္မာယဉ်ကျေးအောင် ဆုံးမနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ သတ္တိရှိစေခြင်း၊ ဇွဲလုံးလဝီရိယရှိစေခြင်း၊ ကိုယ်ခြင်းစာနာတတ်ချင်း၊ ဗဟုသုတတိုးပွားစေခြင်း၊ အသိအမြင်မှန်ကန်စေခြင်းတို့ကို ပေးနိုင်သည့်ပုံပြင်များကို ကလေးများအား ပြောပြသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပသထားသည့် သုတ/ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)