ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ချမ်းမြေ့သိင်္ဂီပရိယတ္တိသီလရှင် စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ ပရိယတ္တိသီလရှင်စာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ချမ်းမြေ့သိင်္ဂီ ပရိယတ္တိသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဂန္တဝါစကပဏ္ဍိတ ဒေါ်နန္ဒသိင်္ဂီထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဌာနကြီးမှူးများ၏ ဇနီးများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ထို့နောက် ချမ်းမြေ့သိင်္ဂီပရိယတ္တိသီလရှင် စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် လှုဖွယ်ဝတ္ထုများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော် ကောင်စီဝင်များ၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများက ဆက်ကပ်လှူဒါန်းသည်။
ပုဗ္ဗသီရိမြို့နယ်၊ ချမ်းမြေ့သိင်္ဂီ ပရိယတ္တိသီလရှင်စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ဆွမ်းဆန်တော် (၂၀) အိတ်၊ ဆီပိဿာ (၁၀) နှင့် အလှူငွေကျပ်လေးသိန်းတို့ကို ရေစက်သွန်းချအမျှပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)