ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာတို့ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်ကြည့်ရှုအားပေး၊ ဘားအံ၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်

ဘားအံ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာတို့ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဘားအံမြို့နယ်၊ ကွင်းအမှတ်(၁၁၈၇)၊ ကမော့ကစင်အနောက်ကွင်း၊ တောင်သူ ဦးမောင်မောင်ဌေး၏ လယ်မြေ၌ ကျင်းပခဲ့သည်။

ကွင်းသရုပ်ပြပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မျိုးကောင်းမျိုးသန့်၊ အထွက်နှုန်းကောင်းသီးနှံများရွေးချယ်စိုက်ပျိုးရန်၊ စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲရန်လိုအပ်သကဲ့သို့  လယ်ယာလုပ်သားရှားပါးမှုပြဿနာ၊ ရာသီဥတုဖောက်ပြန်မှု ပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တိုင်းတွင် ခေတ်မီ စက်ကိရိယာများအသုံးပြုဆောင်ရွက်သည့် စက်မှုလယ်ယာစနစ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲကျင့်သုံးရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စက်ကိရိယာ လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ကြ စေလိုကြောင်း၊ ယခုကဲ့သို့ ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ လုပ်အားအနည်းငယ်ဖြင့် သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ပြီး ပျိုးပင်ပြုစုထိန်းသိမ်းမှုလွယ်ကူ စိတ်ချရခြင်း၊ ကောက်ပင်လှန်ချိန် စောင့်ဆိုင်းရန်မလိုသဖြင့် ဒုတိယစိုက်ပျိုးမည့်သီးနှံအတွက် အချိန်ပိုရခြင်း၊ ကြားပေါင်းလိုက်ရန် လွယ်ကူခြင်း၊ ကောက်ကွက်ဝင်ဆံ့မှုတိကျသေချာပြီး လေဝင်လေထွက်ကောင်းမွန်သဖြင့် ပင်ပွားနှုန်း ကောင်းကာ စပါးအထွက်နှုန်းတိုးတက်စေခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသောစပါးခင်းကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့်နည်းပါးခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာနပြည်နယ်ဦးစီးမှူးက စက်ကိရိယာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဝင်းကျန်၊ တော်ပုံ၊ ကော့မူးရာ၊ နောင်ထလုံး၊ ရဲသာ၊ ထုံးအိုင်၊ နတ်ကျွန်း၊ ကော့ထမလိန်း၊ ဘားကပ်၊ ရေကျော်-မကျီးကျွန်း ကျေးရွာများမှ တောင်သူများက ဘောင်စနစ် (သို့) ပျိုးဗန်းဖြင့်ပျိုးထောင်ထားသော ပျိုးပင်များအား ခြောက်တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် လည်းကောင်း၊ လက်ဆွဲကောက်စိုက်စက်ဖြင့်လည်းကောင်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာများဖြင့်လည်းကောင်း  စက်ကိရိယာများဖြင့် နွေစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကြသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နွေစပါးဧက ၄၈၁၉၇ ဧကစိုက်ပျိုးရန်လျာထားပြီး ၃၉၇၆၇ စိုက်ပျိုးထား ရှိပြီးဖြစ်ကာ ၈၄၃၀ ဧကစိုက်ပျိုးရန်ကျန်ရှိ၍ နွေစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိတ် အဆက် မိမိပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပိုမိုကောင်းမွန်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်များ၊ ဗဟုသုတများ ရရှိနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်အဆင့်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)ကို ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးသည် ကြိုတင်ခန့်မှန်းရပိုမိုခက်ခဲလာပြီး ဖြစ်ပွားသည့်အကြိမ်ရေပိုမိုများပြားလာကာ ပြင်းအားလည်းပိုမိုမြင့်မား လာသည်ကို တွေ့ရှိရကြောင်း၊ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံတက်မှုကြောင့် အိမ်ထောင်စု ၁၅၁၇ စု၊ လူဦးရေ ၆၈၁၇ ဦးတို့အား ကယ်ဆယ်ရေးစခန်းပေါင်း (၂၂)ခုသို့ ယာယီ ပြောင်းရွှေ့ပေးခဲ့ရကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှစုစုပေါင်း (၇၃ ဒဿမ ၉၉၂) သန်းကျော်တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ရကြောင်း၊ ပိုမိုပြင်းထန်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့၏ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်ဇော်ဌေးက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး သင်တန်းသား၊သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းနည်းပြများနှင့် သင်တန်း သား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူငယ်မောင်မယ်များ စုစုပေါင်း သင်တန်း သား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၄ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)