ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပန်းကြယ်သီးထိုးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား

ဥတ္တရသီရိ ဒီဇင်ဘာ ၁၈

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရခရိုင် Women Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပန်းကြယ်သီးထိုးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးငယ်များအနေဖြင့် အိမ်ထောင်မှုလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းကြယ်သီးထိုးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး Women Club အဖွဲ့ဥက္ကဋ္ဌ သင်တန်းနည်းပြ ဆရာမ ဒီဇိုင်နာချယ်ရီမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြ ဆရာမ ဒီဇိုင်နာချယ်ရီက ကြိုးချုပ်နည်း၊ ပုစဉ်းခေါင်းသီး၊ စံပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ နှာမောင်းပုံ၊ လိပ်ပြာပုံ၊ ခရုခွေပုံ၊ စင်္ကြာပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့် ပန်းကြယ်သီးထိုးနည်း(၉)မျိုးကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသူ ၁၅ ဦးက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)