ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းသားအားကစား ပွဲတော်တွင် အောင်ပွဲရ ပြည်နယ်အားကစားအဖွဲ့အား ဂုဏ်ပြု၊ မြစ်ကြီးနားဇုံအဆင့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၈

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထအဆင့်ရရှိခဲ့သော ကချင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောင်ပွဲရ ကျောင်းသား အားကစားအဖွဲ့အား ကျောင်းသားလူငယ်များသည် စာပေဘာသာရပ်သာမက ဗလငါးတန်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရာတွင် အားကစားလေ့လာလိုက်စားခြင်းသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါကြောင်း၊ ယနေ့ ကျောင်းသားအားကစားပွဲတော်တွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၄)ခုနှင့် ကြေးတံဆိပ် (၃)ခု စုစုပေါင်း ၁၀ ဆုဖြင့် တစ်နိုင်ငံလုံးတွင် စတုတ္ထအဆင့်ရရှိခဲ့ပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သည့် အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ နောင်လာမည့် ပြိုင်ပွဲ များတွင်လည်း ယခုထက် ပိုမို၍ ဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့လက်ရွေး စင်အားကစားသမားများဖြစ်လာအောင် အမြဲလေ့ကျင့်ကြိုးစားကြရန် လိုကြောင်း ဂုဏ်ပြုပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို လည်းကောင်း၊ အားကစားအဖွဲ့ အုပ်ချုပ်သူ၊ နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အောင်ပွဲရ ကျောင်းသားအားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့်အတူ ဂုဏ်ပြုတည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနား တက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြစ်ကြီးနားဇုံအဆင့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ(အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အားကစားပြိုင်ပွဲများ ဖွင့်ပွဲတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားလူငယ် များအား ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်စေရေး စာသင်ခန်းများတွင် စဉ်းစားတွေးခေါ်မှု (Critical Thinking) များပါသည့် သင်ကြားနည်းစနစ်များကို ပြောင်းလဲသင်ကြားပေးနေရုံသာမက စာသင်ခန်းပြင်ပ လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပေးခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့် ပြည့်စုံ သည့်၊ အားကိုးအားထားရသည့် ကျောင်းသားလူငယ်များဖြစ်လာစေရေး၊ ပြည်နယ်၏ အနာဂတ်ကို ပုံဖော်ထုဆစ်ပေးမည့် လူငယ်များပေါ်ထွန်းလာစေရေး ဦးတည်ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ယခုပြိုင်ပွဲများမှ တစ်ဆင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာစေ ရေး ကြိုးပမ်းအားထုတ်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် အဖြစ် မြစ်ကြီးနားတက္ကသိုလ်ဘောလုံးအသင်းနှင့် မိုးညှင်းတက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနိုင်ရေး ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားဘောလုံးပြိုင်ပွဲအား လည်းကောင်း၊ တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပနေမှု ကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့သည်။

အဆိုပါ မြစ်ကြီးနားဇုံအဆင့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ(အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကစား သမားများထဲမှ ပြည်နယ်ကိုယ်စားပြု မြစ်ကြီးနားဇုံ လက်ရွေးစင်အားကစားသမားကို ရွေးချယ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်