ဆီဆိုင် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပင်စုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထျာရယ်မှ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ကျော်စိုးက မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေး သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ပင်စုံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ခိုင်းနွားမွေးမြူရေးနည်းစနစ်များ၊ ကောင်းမွန်သော မိရိုးဖလာဝက်မွေးမြူရေး နည်းလမ်းများ၊ ဆာကိုဗိုင်းရပ်စ်ကြောင်းဖြစ်သော ဝက်အားနည်းရောဂါ အကြောင်းများ၊ အရေပြားအကြိတ်နာရောဂါ (Lumpy Skin Disease) အကြောင်း သိကောင်းစရာများ၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများ ဝက်ဝမ်းကျရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံခြင်းဖြင့်ဝက်ဝမ်းကျ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နည်းများ၊ မျိုးဝက်မများနှင့် အသားတိုးဝက်များတွင် ဝက်ဝမ်းကျ ရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံနည်းများနှင့် နွားစာချဉ်ဖတ်ပြုလုပ်နည်း အဆင့်ဆင့်တို့ကို ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့အား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ (၇) ရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)