တပ်ကုန်း ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်(ပိန်း တော)နေ ပြည်သူများ အိမ်ဝိုင်းခြံမြေနှင့်ယာမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်လျက်ရှိသည့်အပြင် နေ့စဉ်ဝင်ငွေရရှိသော ပင်စိမ်း၊ ကင်ပွန်းချဉ်နှင့်ကန်စွန်း စသည့်ကုန်စိမ်းသီးနှံများအနက် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိကြောင်း သိရသည်။
ကန်စွန်းစိုက်ပျိုးသူများအနေဖြင့် ဈေးကွက်အနေအထားအပေါ် မူတည်၍ ကန်းစွန်းအပင်ကျဲ စိုက်ပျိုးခြင်းနှင့် ပင်စိပ်စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ ကန်စွန်းအပင်ကျဲ တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့အထုပ် ၂၀ထုပ်အသုံးပြုရပြီး၊ ကန်စွန်းအပင်စိပ် စိုက်ပျိုးလျှင် မျိုးစေ့အထုပ် ၄၀ထုပ် အသုံးပြုရကြောင်း၊ ကန်စွန်းစိုက်ပျိုးရာတွင် တစ်ခင်းနှင့်တစ်ခင်း ၁၅ရက်အကွာ စိုက်ပျိုးရကြောင်း၊ မြေခံအဖြစ် သဘာဝမြေဆီများထည့်သွင်းကာ အစိုဓာတ်အမြဲရရှိရေးအတွက် ရေသွင်းပေးလျှင် အပင်များ ပိုမိုဖြစ်ထွန်းကြောင်း ဘုရင့်နောင်ရပ်ကွက်(ပိန်းတော)မှ ကန်စွန်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကန်စွန်းပင်များသည် စိုက်ပျိုးပြီးရက်ပေါင်း ၄၀ ကျော်လျှင် စတင်ရောင်းချနိုင်ကြောင်း၊ ရောင်းချရာတွင် ကန်စွန်းအညွှန့်သန်မာမှုအပေါ်မူတည်ပြီး အညွှန့် ၉ ညွန့်မှ ၁၅ ညွန့်အစည်းများ၊ အခင်းအတွင်း ပေပတ်လည်အပြတ် ရောင်းချရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကန်စွန်းတစ်ဧကလျှင် မြေအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်တစ်သိန်းခွဲမှ နှစ်သိန်းကုန်ကျစရိတ်ရှိကြောင်း၊ ကန်စွန်းခင်းတွင် နေ့စဉ်ခူးရောင်းချရသဖြင့် တောင်သူများ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရှိရသည်။
တင်စိုးလွင်