မက်မန်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြု့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း(ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားသမား အချင်းချင်း ကောင်းသောယှဉ်ပြိုင်မှုများဖြင့် ပွဲစဉ်များတစ်လျှောက် ရိုးသားကြိုးစားစွာဖြင့် ပါဝင်ယှဉ်ပြိင်ကြရေး၊ အသင်းသားအချင်းချင်း ရိုင်းပင်းကူညီစွာ အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိင်ကြရေး” ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ရဲမှူးကျော်ထွန်းနိုင်တို့က ဝင်ရောက်ယှဉ်ပြိုင်သော အသင်းသားများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အားကစားကျင်းပေရေးကော်မတီမှ လက်ခံရယူခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအား မြို့နယ်အားကစားကျင်းပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မက်မန်းမြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များက ကျေးရွာအသင်းများ၊ ရပ်ကွက်အသင်းများနှင့် ကျောင်းသားအသင်းများ၊ စုစုပေါင်းအသင်း(၂၂)သင်းမှ အုပ်စုပွဲများခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်သည်။ ကွင်းဖွင့်ပွဲပထမနေ့တွင် အောင်သံလွင်ကျေးရွာအသင်းနှင့် အ.ထ.က(ခ)ယှဉ်ပြိုင်ကစားခြင်း၊ အ.ထ.က(က)အသင်းနှင့် ရောင်အူ(ဝ)ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)