ဥတ္တရသီရိ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းတွင် (၂၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်း၊ မြို့နယ်သာသနာရေးဦးစီးမှူး ဒေါ်သွယ်သွယ်ခိုင်၊ မင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်၊ ရပ်မိရပ်ဖများနှင့် ပရိသတ်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာသော ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပုညကာရီ ဓမ္မာစင်္ကြာဝတ်ရွတ်အဖွဲ့မှ ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာရွတ်ဖတ်ပူဇော်ခြင်းနှင့် ဒေဝနိမန္တဂါထာကိုဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်ခဲ့ပြီး တက်ရောက်လာသော ပရိသတ်များမှ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပဒုမ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ရာဇဓာနီသာမဏေကျော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသမှ ပဋ္ဌာန်းဩဝါဒကထာ မြွက်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)မှ ဆရာတော်များထံ ပဋ္ဌာန်းကြမ်းစာအုပ်များ၊ ပရိတ်ပန်းအိုးများ၊ ပရိတ်ရေများနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်မှစ၍ မဟာသမယသုတ်နှင့် ပဋ္ဌာန်းဒေသနာတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)