မေတ္တာ ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေး စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်အေးအေးချိုက ယခုလိုပြိုင်ပွဲများကို ပြုလုပ်ယှဉ်ပြိုင်စေခြင်းမှာ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိစေရန်နှင့်လွတ်လပ်ရေးနေ့ကို အစဉ်အမြဲ တန်ဖိုးထားတတ်စေရန်၊ မိမိတို့၏ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် မိမိတို့ စိတ်ကူး/စိတ်သန်းများဖြင့် စိတ်ကြိုက်ပုံဖော်ဖန်တီးနိုင်စေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသော ကလေးငယ်များအနေဖြင့်လည်း အကောင်းဆုံးကြိုးစား၍ ယှဉ်ပြိုင်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် မူလတန်းနှင့်အလယ်တန်းအဆင့် Sunday School ကလေးငယ်(၂၃)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ကြရာ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးချို(ပြန်/ဆက်)