မြစ်ကြီးနား ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ ခွဲက မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်ဟိန်းက "ကျန်းမာပျော်ရွှင်သာယာဖို့ စနစ်တကျ အမှိုက်စွန့်ပစ်စို့" ခေါင်းစဥ်ဖြင့် အမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်စေရန်၊ အမှိုက်များ မဆင်မခြင်ပစ်မှုကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ၊ ရေ/ မြေ/ လေထုညစ်ညမ်းခြင်းကြောင်း ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် ထိခိုက်မှုများမရှိစေရန် ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောသည်
ထို့နောက် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်စာစောင်များပေးအပ်ရာ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းဖြိုးက လက်ခံရယူခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများမှ "အမှိုက်ကောင်ကြမယ်" ကဗျာဖြင့် တေးသရုပ်ဖော်ကပြခဲ့ကြသည်။
အခမ်းအနားသို့ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ မများနှင့် သင်တန်းသား/ သူများ အင်အား (၅၀၀) ကျော်တက်ရောက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)