မလှိုင်မြို့ရှိ တည်းခိုခန်းများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မလှိုင် ဒီဇင်ဘာ ၁၈

မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်(၁၀)နာရီအချိန်က မလှိုင်မြို့တွင် မြို့နယ်စည်ပင်သယာရေး အဖွဲ့၏ လိုင်စင်ဖြင့် ဖွင့်လှစ်ထားရှိသော တည်းခိုခန်းများ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေ့က မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားရှိသော “နေလ” တည်းခိုခန်း၊ “ပစ်တိုင်းတောင်” တည်းခိုခန်း အပါအဝင် တည်ခိုခန်း(၁၉)ခုတို့အား မြို့နယ်စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီတာများ စနစ်တကျ တပ်ဆင်ထားရှိမှု ရှိ/မရှိနှင့် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊ လှေကားများ အဆင်သင့် ပြင်ဆင်ထားရှိရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် “နေလ” တည်းခိုခန်းတွင် တပ်ဆင်အသုံးပြုလျက်ရှိသော နေရောင်ခြည်သုံး ရေပူစက်(၂)လုံး၊ ရေပူစက်(၁)လုံးလျှင် 2000W၊ 360 Liter၊ 23 tube တို့အား စနစ်တကျ တပ်ဆင်သုံးစွဲနေမှုတို့ကို တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။  

အောင်ဌေး(မလှိုင်)