မိုင်းယောင်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နမ့်နော်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကွင်းဆင်းအဖွဲ့မှ ဌာနဆိုင်ရာအကြီးအကဲများက တောင်ယာခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး မီးတားလမ်းကိုလည်း အကျယ် ၁၆ ပေခန့် ပြုလုပ်ထားကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် ၁၅၅ ဒသမ ၄၇ သန်းဖြင့် လျှပ်စစ်မီးသွယ်တန်းပြီး နေအိမ်အရောက် မီးရရှိရေးဆောင်ရွက်ရာတွင် ပြည်သူများမှ ကျခံသုံးစွဲရမည့် အသုံးစရိတ်များအား ချပြရှင်းလင်းပြီး တက်ရောက်လာသူများက မရှင်းလင်းသည့်အချက်နှင့် သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြန်မာစာ၊ မြန်မာစကား၊ ဂဏန်းသင်္ချာသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မီးသွယ်တန်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)