လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲကျင်းပ

လိပ်သို ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ Online  သုံးစွဲသူများ လုံခြုံမှုရှိစေရေး သတိပေးချက်များကို     အလေးထားလိုက်နာကြရန်လိုကြောင်း    အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင်  ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက   အဖွင့်အမှာစကားပြောကြားပြီးနောက် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်းကို မိမိတို့ပတ်ဝန်းကျင်မှာ မကြာခဏမြင်တွေ့နေရကြောင်း၊ Digital နည်းပညာကြောင့် သတင်းအချက်အလက်ဖြန့်ဝေနိုင်မှု ကောင်းမွန်လာခဲ့သော်လည်း သတင်းအချက်အလက်အပေါ် အမှား/အမှန် စိစစ်နိုင်ရေးအရေးကြီးကြောင်း၊  Online   မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဉီးစီးမှူးဒေါ်နွယ်နွယ်ခိုင်က မြန်မာနိုင်ငံတွင် အဖြစ်များဆုံးမှာ Online  မှတစ်ဆင့် ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်ကြောင်း၊ Online  ငွေကြေးလိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရသည့် ဖြစ်ရပ်များစွာရှိပါကြောင်း၊ Onlineပေါ်မှ ငွေကြေးလိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ နည်းပညာပံ့ပိုးမှုဆိုင်ရာ၊ အချစ်ရေးဆိုင်ရာလိမ်လည်မှု၊ ထီလိမ်လည်မှု စသည်ဖြင့် Online လိမ်လည်ဖြားယောင်းမှုနှင့် ခြိမ်းခြောက်မှုများစွာရှိလာပါကြောင်း၊ Online  အသုံးပြုသူ ကျောင်းသားလူငယ်များအနေဖြင့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများအား သိရှိခြင်းမရှိဘဲဆက်သွယ်လာမှုကို ယုံကြည်မှုမရှိကြရန်လိုကြောင်း စသည့် အသိပညာပေးအကြောင်းအရာများ အကျယ်တဝင့် ဟောပြောခဲ့သည်။

Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲသို့ လိပ်သိုမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၉၉) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)