ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

ကျောက်ဆည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ကျောက်ဆည်ခရိုင်၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးက မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းများနှင့် မီးလောင်မှုအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သန္ဓေတပ်ဖွဲ့ဝင်များက အေးမြကြည်လင်ဈေးတွင် တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးရောင်းချသူပြည်သူများနှင့်အတူ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။  

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဟိန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသိန်းလှိုင်ဦး၊ ဒုတိယမြို့နယ်ရဲတပ်မှူးဦးလှအေးနှင့်တာဝန်ရှိသူများအား အားပေးကြည့်ရှုခဲ့ပြီးကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် လျှပ်စစ်မီးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး ဈေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုသော လျှပ်စစ်မီးများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)