တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ဘုတ်ပြင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများပတ်သက်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဘုတ်ပြင်း  ဒီဇင်ဘာ  ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်နေ့ မွန်းလွဲအချိန်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ရှေးဦးစွာတွေ့ဆုံပွဲတွင်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ဘုတ်ပြင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာအလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးရေး အဓိကထား ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်အဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ တင်ပြချက်အပေါ်လုပ်ငန်း အခက်အခဲ မေးမြန်းပြီး အချိန်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာချောင်းကျေးရွာအုပ်စုကွင်း အမှတ်(၁၉/OSS) ကမာချောင်းကြေးတိုင်ပြင်ကွင်းအတွင်း (Myint Myat Myanmar Myay Co.Ltd) ၏ ရေငံပုဇွန်မွေးမြူရေးလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုရာ စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ရေငံ ပုဇွန်မွေးမြူရေးကန်တူးဖော် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာချောင်းကျေးရွာအုပ်စုကွင်း အမှတ် (၁၉/OSS)တောင်သူ ဦးကျော်ဇင်ဦး၏ မြေနိမ့်ကော်ဖီဧက(၂၀)ကော်ဖီသီးညှပ်စိုက်ခင်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ဘုတ်ပြင်းခရိုင်အတွင်းကော်ဖီ စိုက်ပျိုးထားရှိမှုဧက၊ အသီးဆွတ်ခူးဧကထွက်ရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီးယခုရောက် ရှိနေသော ရာဘာစိုက်ခင်းအတွင်းသီးညှပ်စိုက်ပျိုးထားသည့် ကော်ဖီဧက(၂၀) ဖြစ်ထွန်းမှု အခြေအနေရှင်းလင်းတင်ပြရာကော်ဖီသီးခိုင်ဖြစ်ထွန်းမှုအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့မှတစ်ဆင့် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းရှင်ဦးမောင်လေး၏ မြေနိမ့် ကော်ဖီ(Robusta Coffee)စိုက်ပျိုးမှုမှတစ်ဆင့် ဒေသထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်လျက်ရှိသည့် ကော်ဖီအမှုန့်ထုတ်လုပ်နေမှုအဆင့်ဆင့်အား သွားရောက်ကြည့်ရှု၍ တန်ဖိုးမြင့်ထုတ်ကုန်များ ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)