မရမ်းကုန်း ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်ဝင်းအတွင်းရှိ ချင်းတွင်းအသင်း(ရန်ကုန်)မှ အသင်းဝင်များဖြစ်ကြသော စာပေဗိမာန်စာမူဆုရရှိသူ ဆရာမ သက်ဦးခင်နှင့် ဆရာမောင်မောင်ချစ်ဦး(မုံရွာ)တို့ကို ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စွယ်တော်မြတ်စေတီတော်ဝင်းရှိ အနုတ္တရော ပုရိသဒမ္မသာရထိ ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသားစာပေဆုရ ဆရာအောင်ချိန်ဘွားက ဂုဏ်ပြုစကားပြောကြားပြီး ချင်းတွင်းအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးဇော်လင်းဦးက ဝမ်းမြောက်မုဒိတာစကား ပြောကြားခဲ့သည်။ ထို့နောက် “မြန်မာ့ရတနာကလေးကဗျာများ”စာမူဖြင့် ၂၀၂၂ ခုနှစ် စာပေဗိမာန်စာမူဆု ကလေးစာပေပထမဆုရ ဆရာမသက်ဦးခင်အား ချင်းတွင်းအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးဇော်လင်းဦးကလည်းကောင်း၊ “မြန်မာ့မြေပေါ်မှ ပြည်ပစစ်သင်း ချိုင်းများ၏ သမိုင်းပုံရိပ်များ” စာမူဖြင့် ၂၀၂၂ ခုနှစ် စာပေဗိမာန်စာမူဆု သုတပဒေသာ (ဝိဇ္ဇာ)ဒုတိယဆုရ ဆရာမောင်မောင်ချစ်ဦး(မုံရွာ)ကို ချင်းတွင်းအသင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌ ဆရာအောင်သူရိန်(ပုလဲ)ကလည်းကောင်း၊ ချင်းတွင်းအသင်း(ရန်ကုန်)ကိုယ်စား ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည့် စာပေဗိမာန်စာမူဆုရှင်များဖြစ်ကြသည့် ဆရာမသက်ဦးခင်နှင့် ဆရာ မောင်မောင်ချစ်ဦး (မုံရွာ)တို့က ချင်းတွင်းအသင်း (ရန်ကုန်)အား ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး ဆရာမသက်ဦးခင်သည် ယခုရရှိသည် စာမူဆုအပါအဝင် စာပေဗိမာန်စာမူဆု လေးဆုရရှိခဲ့ပြီး ဆရာ မောင်မောင်ချစ်ဦး (မုံရွာ)သည် ယခုရရှိသည့် စာမူဆုအပါအဝင် စာပေဗိမာန်စာမူဆု လေးဆု၊ ထွန်းဖောင်ဒေးရှင်းဆု တစ်ဆု၊ ပခုက္ကူဦးအုန်းဖေ စာမူဆု ရှစ်ဆ ၊ စုစုပေါင်း (၁၃) ဆု ရရှိခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)