ရန်ကုန် ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းကို ၁၉၉၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း(၃၀)သက်တမ်းရှိပြီး ခိုင်မာသောအသင်းကြီးတစ်သင်းဖြစ်ပါသည်။ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၂၈)ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌဦးအေးဝင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးအေးထွန်း၊ အကြံပေးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းအသီးသီးရှိစက်မှုဇုန်များမှတက်ရောက်လာသော ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများစုံလင်စွာ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌဦးအေးထွန်းက အသင်းအနေဖြင့် ဒေသအသီးသီးရှိ MSME လုပ်ငန်းများ၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ သက်တမ်းကာလအတွင်း သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများအတွက်လိုအပ်သည့် စက်သုံးဆီ ဝယ်ယူရရှိမှုများနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စက်မှုပညာရှင်အကြံပေးများ၏အကြံဉာဏ်များကိုရယူခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးဆောင်ရွက်ခဲ့ကြောင်း၊ CMP လုပ်ငန်းများ၊ ဓာတုဗေဒလုပ်ငန်းများ၊ ဆိုလာစွမ်းအင်ဆိုင်ရာလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းတွင် အသင်းသားဦးရေတိုးပွားရန်နှင့် အသင်းကြီးခိုင်မာတောင့်တင်း၍ အားကောင်းစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းက နိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသားစက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသည့်အတွက် နိုင်ငံအတွက်အရေးပါတဲ့အသင်းဖြစ်ပါကြောင်း၊ အသင်း၏ပြည်တွင်း စက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ရဲ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်က MSME လုပ်ငန်းများ၊ ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာစျေးကွက်သို့ထိုးဖောက်နိုင်ရန်စက်မှုလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များထုတ်လုပ်ရာမှာ အဆင့်မြင့်နည်းပညာများကိုလေ့လာ၍ တီထွင်ကြံဆ ထုတ်လုပ်ကြစေလိုကြောင်း၊ မိမိတို့၏ထုတ်ကုန်များ ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် စျေးကွက်ရရှိရန် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက “စက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းဖြစ်အောင် ထုတ်လုပ်နိုင်ဖို့နှင့် ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်အောင် နည်းပညာအသစ်အဆန်းများကို မျက်ခြေမပြတ်လေ့လာသင်ယူနေကြဖို့လည်းအရေးကြီးပါကြောင်း၊ ပြည်တွင်းထုတ်ကုန်အရည်အသွေး၊ ဘေးကင်းလုံခြုံမှုရှိရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးကို မမေ့ကြရန်လိုအပ်ပါကြောင်း၊ ထုတ်ကုန်ပစ္စည်းအဆင့်မြင့်လာပါက ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ပြည်ပကို တင်ပို့နိုင်မည့် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမှာဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် မိမိကိုယ်စားပြုသည့် ကဏ္ဍ၊ နယ်ပယ်၊ ဒေသကို စစ်မှန်သည့် ကိုယ်စားပြုမှု၊ အသင်းသူ၊ အသင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှုနှင့် လိုက်နာစောင့်စည်းရမည့်လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကိုလိုက်နာဆောင်ရွက်၍ အသင်းချုပ်နှင့်အတူ မြန်မာ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် နီးနီးကပ်ကပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြလိုပါကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် သက်တမ်းကာလအတွင်း အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးက ဖတ်ကြားတင်ပြခဲ့ပြီး ဧည့်သည်တော်များ၊ အသင်းသူ အသင်းသားများစုံလင်စွာဖြင့် အခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)