ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဒလ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဥ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို စတင်ခဲ့ရာ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အထက်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့က လွတ်လပ်ရေးနေ့နှင့်ပတ်သတ်သည့် ခေါင်းစဥ်များကို မဲနှိုက်ရွေးချယ်၍ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာသီချင်းနှင့် ထာဝရမြန်မာသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင်အေးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြင့်ဇော်