စဉ့်ကိုင် ဒီဇင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး၊ ဗကျာက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက ဦးသန်းအောင်က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် အခြေခံပညာမူလတန်းကျောင်း အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ အဆင့်များအလိုက် ပန်းချီပြိုင်ပွဲ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ခင်ဆန်းက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီးအကဲဖြတ်အမှတ်ပေးဒိုင်များ ရွေးချယ်ရန်တင်ပြဆွေးနွေးခဲ့ပြီး ဦးသန်းဝင်း (ပညာရေး)က ဆုများချီးမြှင့်ရာတွင် ကလေးများကြိုးစားချင်စိတ်၊ ပြိုင်ပွဲဝင်လိုစိတ်များရှိအောင် ပထမ၊ ဒုတိယ၊ တတိယ အထူးဆုများအပြင် ပြိုင်ပွဲ၀င်ဆုများပါ ချီးမြှင့်ပေးစေလိုကြောင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူအဖွဲ့၀င်များ ဖြစ်သောဦးအေးကိုကို (အတွင်းရေးမှူး) ဦးအောင်ဆန်း၊ ဦးထွန်းမြင့်တို့က ပြိုင်ပွဲနှင့်ပတ်သက်သည့် ပြိုင်ပွဲ၀င်ကျောင်းသား/ကျောင်းသူ ဦးရေအားလုံး ပြိုင်ပွဲ၀င်ဆုများချီးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)