ကော့သောင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (မြစိမ်းရောင်) စီမံကိန်းဖြင့် မိုးစပါးစိုက်ပျိုးတောင်သူများ အချိန်မီရိတ်သိမ်းနိုင်ရန်အတွက် ရိတ်သိမ်းစက်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်က စပါးစိုက်ဧကဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် စပါးစိုက်တောင်သူများအနေဖြင့် မိမိစိုက်လိုသည့်ဧကနှင့် မျိုးစေ့များကို စနစ်တကျ နားလည်သူများနှင့် တွက်ချက်၍ စနစ်တကျစိုက်ပျိုးရန် လိုကြောင်းနှင့် လိုအပ်သည်များရှိပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် လက်တွေ့ကွင်းဆင်း၍ တောင်သူများအား အကူအညီပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေဦးက မိုးစပါးစိုက်တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲမရှိစေရေးနှင့် စိုက်ပျိုးရာတွင်လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းအောင်က ရိတ်သိမ်းစက် ပံ့ပိုးကူညီပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး Hire purchase ရိတ်သိမ်းစက်တစ်လုံးအား အငှားဝယ်စနစ်ဖြင့် တောင်သူ ဦးထင်ကျော်ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ မိုးစပါးစိုက်တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် မိုးစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)