မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း၏ (၁၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ (၁၄) နှစ်တိုင်ရှိခဲ့ပြီး ယခုအခါအသင်းဝင်များနှင့် ကားအစီးရေ (၂,၀၀၀) ကျော်တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အသင်းဥက္ကဋ္ဌ ဦးစိုးနိုင်က “မိမိတို့သက်တမ်းကာလအတွင်း မြင့်တက်လာသော ယာဉ်အပိုပစ္စည်းများ၊ ပြင်ဆင်စရိတ်များ၊ လောင်စာဆီဈေးနှုန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရေး၊ ယာဉ်များဌားရမ်းသုံးစွဲမှု အဆင်ပြေစေရေး၊ အသင်းသူအသင်းသားများ လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက်  ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယာဉ်မောင်းများ စနစ်တကျ မောင်းနှင်နိုင်ရေးအတွက် စည်းကမ်းများ၊ အသိပညာပေးခြင်းများနှင့် ယာဉ်မောင်း (၁,၀၀၀) ဦးအတွက် အသက်အာမခံထားပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းအနေဖြင့် အသင်းဝင်များ စနစ်တကျ လုံခြုံဘေးကင်းစွာ ဂိတ်များတွင် ရပ်နားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး မရှိစေရေးအတွက် ပါဝင်ဆောင်ရွက်ပေးခြင်း၊ အသင်းအနေဖြင့် လုပ်ငန်းတူများ အသင်းဝင်ဖြစ်ရေးကို လည်းကြိုဆိုဖိတ်ခေါ်ပါကြောင်းနှင့် နယ်စပ်ဒေသများတွင် ကုန်စည်ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကုန်သေတ္တာ အသင်းခွဲများဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး အသင်းသူအသင်းသား ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း” ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းက “ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက ပုဂ္ဂလိကစီးပွားရေးကဏ္ဍ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကို အသင်းချုပ်နှင့်အတူ လက်တွဲညီစွာ ဆောင်ရွက်နေသည့် ညီနောင်အသင်းတစ်သင်းဖြစ်ပါကြောင်း၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဖြန့်ဖြူးမှု၊ ဝန်ဆောင်မှုအပြင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများနှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် အရေးပါသည့် အသင်းတစ်သင်း ဖြစ်နေပါကြောင်း၊ လုပ်ငန်းကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် ဖွဲ့စည်းထားသည့် ညီနောင်အသင်းများ၏ အခန်းကဏ္ဍကလည်း အရေးကြီးပါကြောင်း၊ အသင်းအနေဖြင့် အားသာချက်၊ အားနည်းချက်များကို လေ့လာသုံးသပ်၍ နိုင်ငံတော်အကျိုး၊ အသင်းသူ၊ အသင်းသားများအကျိုးကို ပိုမိုကြိုးပမ်းဆောင်ရွက် သွားစေလိုပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ် သက်တမ်းကာလအတွင်း အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာအား အထွေထွေအတွင်းရေးမှူး ဦးဆန်းလွင်က ဖတ်ကြားတင်ပြခဲ့ပြီး၊ ပြင်ပစာရင်းစစ်မှ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့် နှစ်ချုပ်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းပြီး အသင်းသူအသင်းသားများမှ အတည်ပြုခဲ့ကြသည်။

ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းသည် လူမှုရေး၊ ပညာရေးကဏ္ဍများတွင်လည်း ထိရောက်စွာ ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးထူးချွန်ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများကိုလည်း ပညာရေးထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်ပတ်လည်အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)