ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နစ်၊ မူလတန်းအဆင့်(G-5)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို၊ ဒီဇင်ဘာ(၁၇)ရက်နေ့ နံနက်(၉)နာရီက စတင်ကျင်းပခဲ့ကြောင်းသိရပြီး၊ အခမ်းအနားတွင် ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ ဆရာကြီးဦးရဲမြင့်(လက်ထောက်ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က Grade-5 စာမေးပွဲဆုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားကာ၊ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ၊ နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် ကျောက်ပန်းတောင်းမြို့နယ်မှ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမ(၃)ဦးနှင့် ညောင်ဦးမြို့နယ်မှ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမ(၂)ဦး စုစုပေါင်း(၅)ဦးတို့က ဦးဆောင်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်းသိရပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နစ်၊ မူလတန်းအဆင့်(G-5)မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ် သင်ရိုးညွှန်းတန်းများနှင့်ပတ်သက်သည့် စာမေးပွဲဆိုင်ရာမေးခွန်းပုံစံများနှင့် အမှတ်ပေးစည်းမျဉ်း စည်းကမ်းဆိုင်ရာများကို ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၈၃ ကျောင်းအနက်မှ မူလတန်းအဆင့်ဖွင့်လှစ်ထားရှိသည့် ကျောင်း(၂၈၁)ကျောင်းမှ မူလတန်းကျောင်းအုပ်၊ မူလတန်းပြ၊ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ စုစုပေါင်း (၅၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပြီး၊ အလုပ်ရုံဆွေးနွေးပွဲကာလမှာ ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (၁)ရက်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)