ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် (၁) နှစ်မှ (၅) နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ပေး

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် (၁) နှစ်မှ (၅) နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် လှည့်လည်ဆောင်ရွက် ပေးလျှက်ရှိရာ ဒီဇင်ဘာ (၁၇) ရက်နေ့ နံနက် (၉) နာရီက အောင်မင်္ဂလာရပ်ကွက် ဗောဓိညောင်ပင်ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ယခင် ၂၀၂၃ ခုနှစ် ဩဂုတ်လနှင့် အောက်တိုဘာလများတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံပြီး ကလေးငယ်များကိုပါ တတိယအကြိမ် ထပ်မံထိုးနှံပေးကြောင်းသိရပြီး၊ ပုံမှန်ကာကွယ်ဆေးအဖြစ်  ပိုလီယိုကာကွယ်ဆေးနှင့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးဏှောက် အမြှေးရောင် ကာကွယ်ဆေးများ ပါဝင်သည့် (၅) မျိုးစပ် ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရပြီး၊ တစ်ရပ်ကွက်လျှင် ကလေးငယ် (၈၅) ဦးမှ (၁၀၀) ဝန်းကျင် ထိုးနှံပေးရကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ဒီဇင်ဘာ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အထိ (၆) ရက်တာ ကာလအတွင်း မြို့ပေါ် (၁၂) ရပ်ကွက်တွင် အပြီးလှည့်လည် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)