မိုင်းပျဉ်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသူရမောင်က မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များနှင့် မီးဘေးနှင့်ပတ်သက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဈေးသူဈေးသားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦးနှင့် စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ကြည့်ရှုခဲ့ပြီး ဈေးဆိုင်ခန်းများအတွင်း မီးသုံးစွဲရောင်းချနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)