မန္တလေး ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်အတွင်း စိုက်ပျိုး မွေးမြူရေးဇုန်ဧက(၂၀၀)အတွက် လျာထားသတ်မှတ် နေရာများနှင့် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင် မဟာမုနိ မျက်ရှင်တော်ဘုရား (ဦးခန္တီဘုရားကြီး)အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီးမီး များ ကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဘော်ကျယ်ကျေးရွာရှိ စိုက်ပျိုးရေးမွေးမြူရေးဇုန် လျာထားသတ်မှတ် နေရာသို့လည်းကောင်း၊ အင်းယားကျေးရွာအုပ်စု၊ မြန်မာနိုင်ငံသစ်တောကျောင်းလေ့ကျင့်ရေး သစ်တောဧက(၅၀၀)အတွင်းရှိ သစ်မျိုးစုံစိုက်ခင်း အကွက်အမှတ်(၂၃)နေရာသို့လည်းကောင်း၊ မေမြို့ထင်ကြိုးဝိုင်း အကွက်အမှတ် (၁၄) အတွင်း နေရာသို့လည်းကောင်း၊ မန္တလေး-လားရှိုးလမ်းနှင့် မိုးကုတ်လမ်းခွဲထောင့် နေရာသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများဖြစ်သည့် ရပ်ကွက်ကြီး(၁၀)ရှိ သီရိရတနာဈေးသို့ လည်းကောင်း၊ ရပ်ကွက်ကြီး(၂)ရှိ ဇရပ်ကတုံး ပျံကျဈေးနေရာသို့ လည်းကောင်း၊ ရပ်ကွက်ကြီး(၅)ရှိ မြို့မဈေးကြီးသို့ လည်းကောင်း သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့ ဈေးများသို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား ပြင်ဦးလွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ခိုင်က ဈေးဆိုင်ရာ အချက်အလက်များ၊ ဈေးများဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် ကြုံတွေ့နေရ သည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အဆင်ပြေချောမွေ့စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဈေးများ အတွင်းအပြင် အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေးတို့ကိုအစဉ်တစိုက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ် သည်များကို ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး ဈေးများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဈေးများကို လှည့်လည်ကြည့်ရှုစဉ် ဈေးများ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းရှင်များနှင့် ဈေးလာရောက်ဝယ်သူများအား ရင်းနှီးစွာနှုတ်ဆက် အားပေးရင်း ဈေးသူဈေးသားများ၏ တင်ပြတောင်းဆိုမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိက ဆေးရုံ အတွင်းလမ်း အရှည် ၅၅၀ ပေ၊ အကျယ် ၁၂ ပေရှိ ကွန်ကရစ် လမ်းခင်းကျင်း ဆောင်ရွက်ရန် နေရာအား လိုက်လံပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ကမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား လုပ်ငန်းများဆောင်ရွက်ရာ တွင် အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မူဝါဒများအပေါ် တာဝန်ယူထားသည့်ကဏ္ဍများ အလိုက် အပြည့်အဝအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြင်ဦးလွင်ဦးမြို့ကို သန့်ရှင်းသပ်ရပ်ပြီး ချယ်ရီမြို့တော်၊ ခရီးသွားမြို့၊ အပန်းဖြေမြို့၊ ကျန်းမာရေး မြို့၊ ပညာရေးမြို့ဖြစ်ရန်နှင့် တိုင်းဒေသကြီး၏ စံပြမြို့ဖြစ်လာစေရေး အားလုံးက ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်များ အမြန်ဆုံး ဖော်ထုတ် ဆောင်ရွက်သွားနိုင်ရေးကို အလေးထားဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ မြေပြင်တွင် အမှန်တကယ်ကြုံတွေ့နေရသည့် အခြေအနေများကို ပွင့်လင်းမှန်ကန်စွာ တင်ပြသွားမှသာ မှန်ကန်သည့် ဆုံးဖြတ်ချက်များချ မှတ်နိုင်ပြီး ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးသွား နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်