ဘားအံ ဒီဇင်ဘာ ၁၇
နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲများရရှိခဲ့သည့် ကရင်ပြည်နယ် ကျောင်းသားအားကစားသမားများသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲ (၄) နာရီခန့်က ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစား ဝါသနာရှင်များက မြို့အဝင်မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များက ကရင်ဒုံးအက၊ ဘင်ခရာ၊ ပန်းပွား၊ အိုးစည် ဒိုးပတ် အတီးအမှုတ်အကအခုန်များဖြင့် ပန်းကုံးစွပ် အောင်သပြေကမ်း၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အောင်ပွဲရအားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြိုင်ပွဲများမှ ဆုတံဆိပ်များရယူပေးခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားမျိုးကို ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကြိမ်ပေါင်းများစွာ ကျင်းပခွင့် ရရှိနိုင်ပါစေကြောင်း၊ ကရင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အနေဖြင့် ရွှေ (၂) ခု၊ ငွေ (၅) ခု၊ ကြေး (၄) ခု ရယူ ဆွတ်ခူးပေးနိုင်ခဲ့ကာ အမျိုးသမီးဘောလုံးအသင်းအနေဖြင့် (၂) နှစ်ဆက် ဒိုင်းဆုကို ဆွတ်ခူးပေးခဲ့သည့်အပြင် အမျိုးသားအသင်းအနေဖြင့် ဒုတိယဆုကို ရယူပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများအား အမျိုးသမီးဘောလုံး အသင်းမှ (၃) ဆုနှင့် အမျိုးသားဘောလုံးအသင်းမှ (၂) ဆုရရှိခဲ့သည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ပညာသင်ကြားရာ ကျောင်းတော်ကြီးသို့ ပြန်လည်ရောက်ရှိချိန်တွင် စာပေများကို ကြိုးစားသင်ယူရင်း ဘက်စုံတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အတွင်းရေးမှူးက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး အောင်ပွဲရ ကရင်ပြည်နယ်အမျိုးသမီးသမီးဘောလုံးအသင်းက ဒိုင်းဆုဖလားအား ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရအားကစားအဖွဲ့များအား ငွေကျပ်သိန်း (၅၀) ကို ဂုဏ်ပြုချီး မြှင့်ခဲ့သည်။
ထို့နောက် အားကစားအဖွဲ့များကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အောင်ပွဲရအားကစားအဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်းခင်းဧည့်ခံခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ပွဲရအားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)