တာချီလိတ် ဘောလုံးအကယ်ဒမီအသင်းနှင့် ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်း ယူနိုက်တက်အကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ပထမပွဲစဉ်ဖြစ် အသက် (၁၄/၁၅) နှစ်အောက်နှင့် ဒုတိယပွဲစဉ်ဖြစ် အသက် (၁၃/၁၄) နှစ်အောက် ခြေစမ်းပွဲကို ဒီဇင်ဘာလ (၁၆) ရက် မွန်းလွှဲပိုင်းက တာချီလိတ် မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

ချစ်ကြည်ရေးခြေစမ်းပွဲကို ပထမပွဲစဉ်ဖြစ် အသက် (၁၄/၁၅) နှစ်အောက် တာချီလိတ် ဘောလုံးအကယ်ဒမီအသင်းနှင့် ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်းတို့ ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားကြရာ ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ဒုတိယပွဲစဉ်ဖြစ် အသက် (၁၃/၁၄) နှစ်အောက်ခြေစမ်းပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားရာ ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်းက တာချီလိတ်ဘောလုံးအကယ်ဒမီအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးခြေစမ်းပွဲသို့ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်းယူနိုက်တက်အကယ်ဒမီအသင်း မန်နေဂျာ Mr.Paphangkon Santhong နှင့် နည်းပြ Mr.Thanapong Akanit ဦးဆောင်သော ဘောလုံးအသင်းနှင့် အားကစားဝါသနာရှင် ပြည်သူများက အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)