ကွန်ဟိန်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၂၁) ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၇:၀၀) နာရီခန့်က စေတီတော်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ စေတီတော်မုခ်ဦးရှေ့တွင် စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဘုရားပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းနုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအခြေချ (ကွန်ဟိန်း)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး အဆိုပါပွဲတော်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့မှ ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)