တာမွေ ဒီဇင်ဘာ ၁၇
၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် U-18 အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ရွှေတံဆိပ် (၃) ဆု၊ ငွေတံဆိပ် (၂) ဆု၊ ကြေးတံဆိပ် (၂) ဆုဖြင့် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ အားကစားသမားများအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြအောင်နှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ တိုင်းဒေသကြီးပညာရေးမှူးရုံး၌ သောင်းသောင်းဖြဖြ အားပေးကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ U-18 အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ အားကစားသမား စုစုပေါင်း (၁၁၂) ဦးတို့က အားကစားနည်း (၇) မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ် (၁) ဆု၊ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁) ဆု၊ အမျိုးသားကြက် တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁) ဆု၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ် (၁) ဆု၊ အမျိုးသမီး ပြေးခုန်ပစ် မီတာ (၃၀၀၀) ပြိုင်ပွဲတွင် ငွေတံဆိပ် (၁) ဆု၊ အမျိုးသားပြေးခုန်ပစ် မီတာ (၅၀၀၀) ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁) ဆု၊ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁) ဆု စုစုပေါင်း ထူးချွန်ဂုဏ်ပြုဆုတံဆိပ် (၇) ဆုကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)