(၄၉)​နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၇

ရခိုင်စာပေနှင့် ယဥ်ကျေမှုအဖွဲ့ (ရန်ကုန်)က ကြီးမှူးကျင်းပသည့် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး​ဦးပြေဟိန်းနိုင်၊ ရခိုင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်၊ သဘာပတိများ၊ စာတမ်းရှင်များ၊ မွန်၊ ကရင်စာပေနှင့် ယဥ်ကျေးမှု အဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူများ တက်ရောက်ကြသည်။

ထို့နောက်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံတို့က ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

ယင်းနောက် ရခိုင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်က အမှာစကား​ပြောကြားသည်။ ထို့နောက် စာတမ်းရှင် ဦးဌေးဝင်း (ဌေးဝင်း-ကျောက်ဖြူ) က “ရခိုင်အမည်၏ မူလဇစ်မြစ်လေ့လာချက်” စာတမ်းကိုလည်းကောင်း စာတမ်းရှင် ဦးမောင်ကျော့ (မောင်မောင်ကျော့-ပလက်) က “ရခိုင်ဝေသာလီခေတ်ကိန်းဂဏန်းများ အရေးအသားကို ရှာဖွေတင်ပြခြင်းစာတမ်းကိုလည်းကောင်း၊ ဦးမောင်ဖြူ (မောင်ဖြူ-ကြွီတဲကျွန်း)က “အမိအဖအား ရည်စူး၍ စကားအစရခိုင်ဝေသာလီက စာတမ်းကိုလည်းကောင်း တင်သွင်းဖတ်ကြားကြပြီး သဘာပတိများက စာတမ်းရှင်များ၏ စာတမ်းများအား သုံးသပ်ဆွေးနွေးကာ တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သဘာပတိများ၊ စာတမ်းရှင်များနှင့် ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုလွှာများနှင့် ပံ့ပိုးငွေ များကို ပေးအပ်ခဲ့သည်။ ထို့နောက်ရခိုင် စာပေနှင့် ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်)ဥက္ကဋ္ဌ ဦးသန်းမောင်က နိဂုံးချုပ်စကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)