ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဆင်းလက်မှတ်ချီးမြှင့်

လမ်းမတော် ဒီဇင်လာ ၁၇

ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွင် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆက်လျဉ်းစပ်၍ လုပ်ငန်း တည်ထောင်ထားသူများ၊ ယင်းလုပ်ငန်းတွင် ကြီးကြပ်ဆောင်ရွက်နေသူများအတွက် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် သင်ကြားပို့ချခဲ့သည့် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးသင်တန်း၏ သင်တန်းဆင်းပွဲကို ယမန်နေ့တွင် အသင်းချုပ်၌ ကျင်းပခဲ့ပါသည်။

သင်တန်းကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဦးမြင့်ကျော် (Senior Executive Officer) EOD ဌာနတို့မှ ဘာသာရပ်များအလိုက်ခွဲ၍ ပို့ချပေးခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သူများအား ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

ယင်းသင်တန်းတွင် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ် စီမံခန့်ခွဲခြင်း၏ အရေးကြီးမှု၊  ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်စီမံခန့်ခွဲသူများသိရန် လိုအပ်သည့် တည်ဆဲဥပဒေများ၊ ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများမှ ဖြစ်ပေါ်စေသည့် အန္တရာယ်များအကဲဖြတ်ခြင်းနှင့် အန္တရာယ်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်များအပေါ် နိုင်ငံတကာ အသိအမှတ်ပြု ချမှတ်ကျင့်သုံးလျက်ရှိသည့် နည်းလမ်း (Globally Harmonized  System - GHS)၊  ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအစီအစဉ်များ (Emergency Response Plan) ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်