တောင်ကြီး ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ကြီးမြို့နယ်မှ ကြီးမှူးကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာဆိုတော်များအား ပူးဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံ သုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ခွန်နွယ် (အင်းလေး) က အဖွင့်အမှာစကားပြောကြားရာ၌ စာဆိုတော်နေ့သည် သုတ/ရသစာပေများရေးသားကြသည့် စာပေပညာရှင်များ အမြတ်တနိုးတန်ဖိုးထားဂုဏ်ယူရသော နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ ထိုသို့အမြတ်တနိုး တန်ဖိုးထားဂုဏ်ယူရသောနေ့တွင် စာပေဖြင့်နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးသည် ပိုးဆောင်ရွက်ကြသည့် ဂုဏ်အားဖြင့်ကြီးမြတ်သောသူ၊ အသက်ရွယ်အားဖြင့် ကြီးမြတ်သောသူ စာပေပညာရှင် များကို ပူဇော်ကန်တော့ကြသည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း၊ စာပေသည် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်း ကို အကဲဖြတ်ရာတွင် အဓိကအခြေခံဖြစ်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်သည်၊ စာပေသည် လူတို့ ဘဝအတွက်အလင်းရောင် ဟူသည့်အတိုင်း စာပေစွမ်းအားဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို မြှင့်တင်ဆောင်ရွက်နိုင်သည့် စာပေပညာရှင်များဖြစ်ကြစေရန် တိုက်တွန်းပါကြောင်းပြောကြားပါ သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က မုဒိတာစကားပြောကြားပြီး ဆရာမကြီး ဒေါ်ဆွေကြည်အေးက မြန်မာနိုင်ငံစာရေး ဆရာအသင်း (ဗဟို)မှ ပေးပို့သော စာဆိုတော်နေ့သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ဆရာကြီး ဦးကြည်စိုး က တောင်ကြီးမြို့နယ် စာရေးဆရာအသင်း၏ ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ တောင်ကြီး မြို့နယ် စာရေးအရာအသင်း၏ ဘဏ္ဍာရေးရှင်းတမ်းကို ဆရာမ ခင်(တောင်ကြီး)က ဖတ်ကြားရှင်းလင်းခြင်း၊ စာရေးဆရာကြီးများနှင့် စာပေ ဝါသနာရှင်များက တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ(ပထမဆု)ရရှိခဲ့သည့် စာရေးဆရာမ ဆောင်းချစ်အား ဂုဏ်ပြုခြင်းတို့ ဆောင်ရွက်ပြီး သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)