တောင်ကြီးတက္ကသိုလ်တွင် (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၏ (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီး တက္ကသိုလ်၊ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် မောင်မယ်များ၏ အောင်မြင်မှု အတွက် မောင်မယ်များ၏ ဆရာ၊ ဆရာမများ၊ အမိတက္ကသိုလ်နှင့် နိုင်ငံတော်က ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပါကြောင်း၊ မောင်မယ်များ၏ မိဘဆွေမျိုးများပါ ဝမ်းမြောက်ဂုဏ်ယူကြည်နူးမဆုံးရှိကြမည်ဖြစ်ပါကြောင်း၊ မောင်မယ်များသည် ဒေသအသီးသီးတွင် နေထိုင်ကြပြီး တောင်ကြီး တက္ကသိုလ်တွင် အတူတကွပညာ ဆည်းပူးခဲ့ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အတွက် ပညာဆည်းပူးစဉ် တစ်လျှောက်လုံးတွင် မိမိတို့၏ ခင်မင်ရင်းနှီးမှုနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို အနာဂတ်ကာလအထိ သယ်ဆောင်သွားပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးနှင့် တိုင်းရင်းသားများ အစဉ်လက်တွဲ နေထိုင်ရေးတို့ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြပါ၊ နိုင်ငံတော်၏ ပညာရေးမျှော်မှန်းချက် ပန်းတိုင်ရောက်အောင် ပြည်သူများနှင့်အတူ ပါဝင်ဆောင်ရွက်သွားကြပါ၊ အမိနိုင်ငံတော်ကြီး အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးကြပါ ဟုမှာကြားလိုကြောင်း မြွက်ကြားသွားသည်။

ထို့နောက် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်က မဟာဝိဇ္ဇာ/သိပ္ပံဘွဲ့(၄၅)ဦး၊ မဟာဥပဒေဘွဲ့ (၃)ဦး၊ ဥပဒေဘွဲ့(၅၇)ဦး၊ ဂုဏ်ထူးဘွဲ့(၃၁)ဦး၊ ရိုးရိုးဘွဲ့(၁၁၅၂)ဦး၊ အဝေးရောက်ဘွဲ့(၁၇)ဦး၊ စုစုပေါင်း (၁၃၀၅)ဦးတို့အား ဘွဲ့များအပ်နှင်းခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)