နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး ဥတ္တရသီရိမြို့နယ်တွင် Box Culvert တစ်စင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်း လမ်းဘေးဝဲယာတွင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဥတ္တသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအတွင်း အပြင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဥတ္တသီရိ မြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ပဲခူးလမ်းနှင့် မန္တလေးလမ်းဆုံတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် နေသည့် (၅ ပေ x ၅ပေ x ၆၀ ပေ) Box Culvert တစ်စင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပြီးစီးမှုအ​ခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းဆောင်ရွက် ရာတွင် စံချိန်စံညွှန်းပြည့်မီရေး၊ ရေရှည်ခိုင်မာစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)